မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ ၂၀၁၇- ၂၀၁၈. ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုခဲ့ရာမှာ ဖြေဆိုဖို့ ပျက်ကွက်သူ ကျောင်းသား/သူ ဦးရေဟာ ပိုတိုးမြင့်လာတယ်လို့ မြို့နယ်ပညာရေးမှူးရုံးမှ သိရပါတယ်။
မြင်းခြံမြို့နယ်မှာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ စာစစ်ဌာ ၇ ခု ထားရှိခဲ့တာဖြစ်ပြီး စာရင်းရှိ ဖြေဆိုမယ့်သူပေါင်း ၄၉၁၈ ဦး၊ ဖြေဆိုသူပေါင်း ၄၆၄၇ ဦး ဖြေဆိုခဲ့ပါတယ်။
စာမေးပွဲကာလ ပထမနေ့မှာ ပျက်ကွက်သူ ၂၅၈ဦး၊ ဒုတိယနေ့မှာ ပျက်ကွက်သူ ၂၆၇ ဦး နဲ့ တတိယနေမှာ ၂၇၁ ဦး အထိ ဖြေဆိုဖို့ ပျက်ကွက်သူ တိုးမြင့်လာတာလည်း ဖြစ်ပါတယ်။
မတ် ၈ ရက် ဒုတိယနေ့ကလည်း မြင်းခြံမြို့ အ-ထ-က( ၂) စာဖြေဌာန ကံ့ကော်ဆောင် အခန်း အမှတ် (၁၂) မှာ သိပ္ပံဘာသာတွဲ ဖြေဆိုနေတဲ့ ကျောင်းသူတဦး မူးဝေလဲကျသွားလို့ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ကုသထားရပါတယ်။
အခုလို စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ တိုးလာတဲ့အပေါ် မြင်းခြံမြို့နယ် ပညာရေးမှူး ဦးကျော်ကျော်က “တချို့ကလေးတွေက ၁၀ တန်းစာမေးပွဲကို ဖြေကြည့်ချင်တယ်၊ ဒါက သူတို့အတွက် အခွင့်အရေးပေါ့လေ။ တကယ်တမ်းကျ မြန်မာစာ ဖြေဆိုတဲ့နေ့မှာကိုပဲ ကောင်းကောင်း မဖြေဆိုနိုင်ကြတာတွေရှိတယ်။ တကယ်ဖြေကြည့်တဲ့အချိန်မှာ ဒီတက္ကသိုလ်စာမေးပွဲရဲ့ မေးခွန်းပုံစံ အခက်အခဲကို သိသွားကြတော့ နောက်ရက်တွေမှာ ဆက်ဖြေဖို့ အခက်အခဲရှိတာကတပိုင်း၊ နောက်နေ့ အင်္ဂလိပ်စာဖြေဆိုတဲ့အခါမှာ အက်ဆေးက ပုံစံတမျိုးနဲ့ မေးလိုက်တဲ့အတွက် အဲ့ဒီအပေါ်မှာ ကလေးတွေ မဖြေနိုင်ကြဘူး။ အဲ့မှာ ထပ်ပြီး ပျက်ကွက်ကုန်တယ်” လို့ ပြောပါတယ်။
ဒ့ါအပြင် ကျောင်းသားမိဘတွေက ဖြေဆိုစေချင်လို့ ဖောင်လာရောက်တင်ထားပေမယ့် ကျောင်းသားတွေက လာမဖြေကြဘူးလို့ ဆိုပါတယ်။
“ပျက်ကွက်ရတဲ့ အကြောင်းရင်းကလည်း ဖောင်တင်တဲ့အခါမှာ တစ်ချို့ မိဘတွေက ဖြေဆိုစေချင်လို့ တင်တာရှိတယ်၊ ဖောင်တင်ခွင့်ရတုန်း တင်လိုက်တာမျိုးတွေရှိတယ်။ တကယ်တမ်းဖြေဆိုရမယ့် အချိန်ရောက်တော့ အလုပ်မအားတာတွေ၊ နယ်ဝေးရောက်နေတာတွေ၊ မိမိကိုယ်တိုင်က ဖြေချင်စိတ်မရှိတာတွေကြောင့် ဖြေဆို ပျက်ကွက်လာတယ်လို့ ယူဆလို့ရပါတယ်။”
သတင်း ရီရီထွန်း ( မြင်းခြံ )
The post မြင်းခြံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ တိုးလာ appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။