သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန်ဒီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုတွေကြား ပဋိပက္ခဟာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့ကစတင်ပြီး ပြန်တည်ငြိမ်လာပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ကန်ဒီဒေသဟာလည်း ခြောက်ကပ်လို့နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ မွတ်ဆလင်လူနည်းစုနဲ့ နိုင်ငံရဲ့ လူဦးရေ အများဆုံးဖြစ်တဲ့ ဆင်ဟာလီ လူမျိုးစုတို့ကြား ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ရပါတယ်။
ကန်ဒီဒေသမှာ ဆင်ဟာလီ လူမျိုးစုတွေဟာ မွဆလင်ပိုင် ဗလီကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြလို့ မတ် ၇ ရက်နေ့မှာ သမ္မတ မိုင်သရီပါလာ စီရိဆင်နာက အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ရတာပါ။
ဒါပေမယ့် အဲဒီညက လူအုပ်တွေဟာ မွတ်ဆလင်တွေကို ပိုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၉ ရက်နေ့မှာ ဒေသတွင်း မွတ်ဆလင်တွေဟာ ဗလီကျောင်းတက် ၀တ်ပြုခဲ့ကြပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ခိုက်ရန်ဖြစ်ပွားမှုတွေမရှိခဲ့ဘူးလို့ ရဲဌာနရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကန်ဒီမြို့ဟာ ဂေါတမဗုဒ္ဓရဲ့ စွယ်တော် ရှိရာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ လက်ဖက် ဥယျာဉ်တွေ သဘာဝအလှတွေကြောင့် နိုင်ငံခြားသား ခရီးသွားတွေကြား ထင်ရှားပါတယ်။
လူဦးရေ ၂၁ သန်း ရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ဆင်ဟာလီ လူမျိုး ၇၀ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် တမီလ် လူမျိုး ၁၃ ရာခိုင်နှုန်းနဲ့ မွတ်စလင် ၉ ရာခိုင်နှုန်း အတူနေထိုင်ကြပါတယ်။
The post ဘာသာရေး ပဋိပက္ခဖြစ်ခဲ့သည့် သီရိလင်္ကာတွင် ပြန်လည်တည်ငြိမ် appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။