အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် နိုင်ငံတကာတက္ကသိုလ်ရှိ လူကူးခုံးကျော်တံတားတခု မတ်လ ၁၅ ရက်နေ့က ပြိုကျခဲ့လို့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။
တန် ၉၅၀ အလေးချိန်ရှိတဲ့ အဲဒီတံတားဟာ ဆောက်ပြီးစ တံတားသစ်တစင်းဖြစ်တယ်လို့ သိရပါတယ်။
တံတားပြိုကျမှုကြောင့် အနည်းဆုံး ကား ၁၀ စီးဟာ တံတားအပျက်အစီးပုံတွေအောက် ရောက်ရှိနေပါတယ်။ ဒီ့အတွက် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အနံ့ခံခွေးတွေနဲ့ အပျက်အစီးပုံတွေကြားမှာ အသက်ရှင်ကျန်ရစ်နိုင်ချေရှိတဲ့သူတွေကို ရှာဖွေနေကြပါတယ်။
ဒဏ်ရာရသူ ၁၀ ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
၁၇၄ ပေရှည်တဲ့ အဲဒီတံတားဟာ လမ်းသွယ် ၈ လမ်းကိုဖြတ်ပြီး ဖလော်ရီဒါနိုင်ငံ တကာတက္ကသိုလ်နဲ့ ဆွိဝါးတား (Sweetwater) မြို့ကို ဆက်သွယ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တပ်ဆင်ခဲ့တာပါ။
ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ တံတားပြိုကျမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမှာဖြစ်တယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
The post ဖလော်ရီဒါရှိ လူကူးခုံးကျော်တံတားသစ်တစင်း ပြိုကျ၊ လူ ၄ ဦး သေဆုံး appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။