အင်္ဂလန် အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဒီတပတ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး မတ်လ ၁၇ စနေနေ့ မြန်မာစံတော်ချိန် ညနေ ၆း၄၅ မှာ ဆွမ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး၊ မတ်လ ၁၈ ရက် တနင်္ဂနွေ မနက်အစောပိုင်း ၂း၁၅ နာရီမှာ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်၊ ည ၈း၀၀ နာရီမှာ ဝီဂန်နဲ့ ဆောက်သမ်တန်၊ ည ၁၁း၀၀ နာရီမှာ လက်စတာနဲ့ ချဲလ်ဆီးတို့ အသီးသီး တွေ့ဆုံနေပါတယ်။
ဟယ်ရီကိန်းမပါတဲ့ စပါးကို ခုခံမယ့် ဆွမ်ဆီး
တော့တင်ဟမ်ဟော့စပါးအသင်းဟာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း မပါဝင်နိုင်ဘဲ ဆွမ်ဆီးကို ရင်ဆိုင်ရမှာပါ။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့အပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက်ဂိုးသမား ဘီဂိုဗစ်နဲ့ ထိခိုက်မိပြီး ခြေချင်းဝတ်ဒဏ်ရာ ရခဲ့လို့ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း စပါးမှာ ကျန် အဓိက ကစားသမားတွေ ပါဝင်ကစားနိုင်မှာ ဖြစ်တဲ့အပြင် တောင်ပံတိုက်စစ်မှူး ဆွန်ဟောင်မင် ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတာကတော့ စပါးအတွက် အားတက်စရာ ဖြစ်ပါတယ်။ လက်ရှိ လူစာရင်း အင်အားအခြေအနေအရလည်း စပါးက ဆွမ်ဆီးထက် အပြတ် အသာရနေတာပါ။
ဒါပေမယ့် တခုသတိထားစရာကတော့ စပါးဟာ အက်ဖ်အေဖလား ဒီအဆင့်ကို ရောက်ခဲ့တာ နိုင်ပွဲတွေ ပြတ်ပြတ်သားသားရပြီး ရောက်လာတာတော့ မဟုတ်ပါဘူး။ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် လိဂ် ၂ ကလပ် နယူးပို့တ်ကောင်တီနဲ့ တွေ့ဆုံခဲ့စဉ်က အဝေးကွင်းမှာ တဂိုးစီသရေ၊ အိမ်ကွင်းရောက်မှ နှစ်ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။
အလားတူ ပဉ္စမအဆင့်မှာလည်း လိဂ် ၁ ကလပ် ရော့ခ်ျဒေးလ်နဲ့ အဝေးကွင်းမှာ နှစ်ဂိုးစီ သရေရလဒ်ပဲ ရခဲ့ပြီး အိမ်ကွင်းကျမှ ခြောက်ဂိုး တဂိုးနဲ့ အနိုင်ရပြီး အခုအဆင့်ကို တက်လှမ်းလာခဲ့ရတာပါ။ အဲဒါကြောင့်လည်း အခု ဆွမ်ဆီးကွင်းမှာ ယှဉ်ပြိုင်ရမယ့်ပွဲမှာ မရှုံးအောင်ကစားပြီး အိမ်ကွင်းကျမှ အနိုင်ယူမလား စဉ်းစားစရာ ရှိပါတယ်။
စပါးကို အိမ်ကွင်းမှာဧည့်ခံမယ့် ဆွမ်ဆီးကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ တန်းဆင်းဇုန် အဆင့် ၁၈ က ခရစ္စတယ်ပဲလေ့စ်နဲ့ လေးမှတ်ပဲ ကွာတဲ့အနေအထားက လာမယ့်ရာသီ တန်းမဆင်းရရေး စိတ်ချရတဲ့ အနေအထားမှာတော့ မရှိသေးပါဘူး။ ဒါကြောင့်လည်း ဆွမ်ဆီးဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ တင်ကျန်ရေးကိုပဲ အာရုံပိုစိုက်မလား တွေးစရာရှိပါတယ်။
ဆွမ်ဆီးဟာ အက်ဖ်အေဖလား ဒီအဆင့်ကို စပါးလိုပဲ အိမ်ကွင်းပြန်ကန်ပွဲစဉ်တွေမှာမှ အနိုင်ရပြီး တက်လှမ်းနိုင်ခဲ့တာပါ။ တတိယအဆင့်မှာ ချန်ပီယံရှစ်ကလပ် ဝုဗ်အသင်းနဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေကျပြီး အိမ်ကွင်းပြန်ကန်ပွဲကျမှ နှစ်ဂိုး တဂိုးနဲ့နိုင်ပြီး စတုတ္ထအဆင့် တက်ရောက်ခဲ့တာပါ။
စတုတ္ထအဆင့်မှာလည်း လိဂ် ၂ ကလပ် နော့စ်ကောင်တီနဲ့ အဝေးကွင်းမှာ တဂိုးစီသရေကျပြီး အိမ်ကွင်းကျမှ ရှစ်ဂိုး တဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး ပဉ္စမအဆင့် တက်ခဲ့သလို ပဉ္စမအဆင့်မှာလည်း ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝမ့်စ်ဒေးကို အဝေးကွင်းမှာ ဂိုးမရှိသရေ ကစားပြီး အိမ်ကွင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွမ်ဆီးမှာ အားထားရတဲ့ တိုက်စစ်မှူး ဂျော်ဒန်အာယူး ပွဲပယ်ခံထားရလို့ ပါဝင်နိုင်မှာ မဟုတ်ဘဲ နောက်တိုက်စစ်မှူးတဦးဖြစ်တဲ့ ဘိုနီ၊ ကွင်းလယ်တိုက်စစ်ကစားသမား ဆန်းချက်ဇ်နဲ့ လီရိုင်းဖာတို့လည်း ပါဝင်ဖို့ မသေချာတဲ့အတွက် အနည်းငယ် အားနည်းနိုင်ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းဆို အားထည့်ပြီး အနိုင်ကစားတတ်တဲ့ ဆွမ်ဆီးနဲ့ အဝေးကွင်းမှာ ထိန်းကစားပြီး အိမ်ကွင်းခေါ်ကန်လေ့ရှိတဲ့ စပါးတို့ရဲ့ ထိပ်တိုက်တွေ့မှုမှာ သရေကျသွားနိုင်သလို နောက်ဆုံးလက်ကျန် ဖလားတလုံးအတွက် တိုက်ပွဲဝင်မယ့် အသင်းကြီး စပါးရဲ့ ခြေစွမ်းကြောင့် အပြန်အလှန် ဂိုးသွင်းပြီး ဧည့်သည် စပါးအသင်း အနိုင်ရသွားနိုင်ချေလည်း ရှိနေပါတယ်။
မန်ယူရဲ့ ပေါက်ကွဲအားကြောင့် အခက်တွေ့မယ့် ဘရိုက်တန်
လောလောလတ်လတ် ချန်ပီယံလိဂ်မှာ ရှုံးပြီး ထွက်ခဲ့ရတဲ့ မန်ယူအတွက်တော့ ဒီရာသီမှာ အက်ဖ်အေဖလား တလုံးပဲ မျှော်လင့်စရာရှိတော့တာမို့ အမှားခံမှာမဟုတ်ဘူးလို့ ယူဆရမှာပါ။
မန်ယူဟာ အက်ဖ်အေဖလား တတိယအဆင့်က စတင်ယှဉ်ပြိုင်ခဲ့ရပြီး ချန်ပီယံရှစ်ကလပ် ဒါဘီကို အိမ်ကွင်းမှာ နှစ်ဂိုး ဂိုးမရှိ၊ လိဂ် ၂ ကလပ် ယိုဗီးလ်ကို အဝေးကွင်းမှာ လေးဂိုး ဂိုးမရှိ၊ ပရီးမီးယားလိဂ်ကလပ် ဟတ်ဒါဖီးလ်ဒ်ကို အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အခုအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ အက်ဖ်အေဖလား သုံးပွဲစလုံးမှာ အသင်းကြီးတွေနဲ့ မတွေ့ခဲ့သလို ပေးဂိုးလည်း မရှိဘဲ ဂိုးပြတ်နိုင်ပွဲတွေ ရခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာ မန်ယူဟာ အဝေးကွင်းတချို့ပွဲစဉ်တွေ ရလဒ်မကောင်းပေမယ့် အိမ်ကွင်းမှာဆိုရင်တော့ အကောင်းဆုံး စွမ်းဆောင်ထားနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် အဓိက ကစားသမား အများစု ဒဏ်ရာရ ပွဲပယ် ကင်းစင်နေတာကလည်း မန်ယူအတွက် အားသာချက်တခု ဖြစ်နေပါတယ်။ လောလောလတ်လတ် ဆီဗီလာကိုရှုံးပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ မန်ယူအတွက်တော့ ပရိသတ်တွေကျေနပ်အောင် အခုပွဲမှာ ပြန်လည်ပေါက်ကွဲပြီး နိုင်ပွဲရယူဖို့ ရာခိုင်နှုန်း များနေပါတယ်။
မန်ယူကို လာရောက်ယှဉ်ပြိုင်ရမယ့် ဘရိုက်တန်ကလည်း အက်ဖ်အေဖလား ပွဲစဉ်တွေမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ နှစ်ဂိုး တဂိုး၊ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အဝေးကွင်းမှာ တဂိုး ဂိုးမရှိ၊ လိဂ် ၂ ကလပ် ကိုဗင်ထရီကို အိမ်ကွင်းမှာ သုံးဂိုး တဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။
ဘရိုက်တန်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၂ ပွဲတွေ့ခဲ့ပြီး အဝေးကွင်းရှုံးပွဲ ၉ ပွဲအထိ ရှိခဲ့တဲ့အတွက် ဒီရာသီ အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းသလောက် အဝေးကွင်းပွဲစဉ်တွေမှာဆို ရုန်းကန်ရတတ်တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အခု မန်ယူကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ရလဒ်ကောင်းဖို့ မလွယ်ဘဲ အိမ်ကွင်းရုန်းအားနဲ့ လက်ကျန်ဖလားတလုံးအတွက် တိုက်ပွဲဝင်မယ့် မန်ယူကြောင့် သရေရဖို့တောင် မလွယ်ဘဲ ဒီအဆင့်ကနေပဲ ထွက်ရဖို့ များနေပါတယ်။
ဝီဂန်ကွင်းမှာ ဆောက်သမ်တန် ရုန်းကန်ရဖွယ်ရှိ
နည်းပြသစ် မာ့ခ်ဟုခ်ျရဲ့ ဆောက်သမ်တန်အသင်းဟာ လိဂ် ၁ ကလပ် ဝီဂန်ကို အနိုင်ရဖို့ မလွယ်ကူဘဲ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ မာ့ခ်ဟုခ်ျဟာ အင်္ဂလန်အသင်းတွေနဲ့ မစိမ်းလှဘဲ နောက်ဆုံး စတုတ်အသင်းကို နည်းပြခဲ့ပြီး ရလဒ်တွေမကောင်းလို့ ထုတ်ပယ်ခံရပြီးနောက် အခု ဆောက်သမ်တန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဆောက်သမ်တန်ဟာ ပုံမှန်အားဖြင့် ကစားပုံ မာကျောတဲ့အသင်းဖြစ်ပေမယ့် နည်းပြသစ် မာ့ခ်ဟုခ်ျရဲ့ နည်းဗျူဟာနဲ့ အံဝင်မဝင်၊ အလုပ်ဖြစ်မဖြစ် ဒီပွဲမှာ မြင်တွေ့ရမှာပါ။
ဆောက်သမ်တန်ဟာ ဒီအဆင့်ကိုရောက်ဖို့အတွက် ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်၊ ပရီးမီးယားကလပ်တွေဖြစ်တဲ့ ဝတ်ဖို့ဒ်နဲ့ ဝက်စ်ဘရွန်းတို့ကို ဖြတ်ကျော်ခဲ့ရတာပါ။ ဖူလ်ဟမ်ကို အဝေးကွင်းမှာ တဂိုး ဂိုးမရှိ၊ ဝတ်ဖို့ဒ်ကို အိမ်ကွင်းမှာ တဂိုး ဂိုးမရှိ၊ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ နှစ်ဂိုး တဂိုးနဲ့ အသီးသီး အနိုင်ယူခဲ့ပါတယ်။
ဆောက်သမ်တန်ဟာ ဒီရာသီမှာ တိုက်စစ်က ဂိုးရဖို့ ခက်ခဲလေ့ရှိပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ အပြီး တိုက်စစ်က ၂၉ ဂိုးပဲ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် အဓိကတိုက်စစ်မှူး အော်စတင် ဒဏ်ရာရနေတာကြောင့်လည်း ဂိုးရဖို့ ရုန်းကန်ရနိုင်ချေ ရှိပါတယ်။
လိဂ် ၁ ကလပ် ဝီဂန်ကတော့ ဒီအဆင့်ရောက်ဖို့ မန်စီးတီးအသင်းကို ဖြတ်ကျော်ပြီး တက်လှမ်းနိုင်တဲ့အတွက် အထင်ကြီးစရာတော့ ရှိပါတယ်။ ဒါပေမယ့်လည်း အဲဒီပွဲစဉ်မှာ မန်စီးတီးကစားသမားတယောက် အထုတ်ခံခဲ့ရတဲ့အတွက် ဒုတိယပိုင်းတပိုင်းလုံး ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။
ဝီဂန်ဟာ လက်ရှိ လိဂ် ၁ မှာ ရမှတ် ၇၁ မှတ်နဲ့ အဆင့် ၂ မှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံရှစ်ကို တန်းတက်ဖို့ အလားအလာကောင်းနေပါတယ်။ ဒါ့အပြင် ပွဲစဉ် ၃၄ ပွဲ ကစားအပြီး တိုက်စစ်က ၆၃ ဂိုးအထိ သွင်းထားတဲ့အတွက် ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘလက်ဘန်းရိုဗာပြီးရင် ဒုတိယ သွင်းဂိုးအများဆုံးအသင်းလည်း ဖြစ်ပါတယ်။ ခံစစ်ပိုင်းကလည်း ၂၃ ဂိုးပဲ ပေးထားရလို့ လိဂ် ၁ အသင်းတွေထဲ ပေးဂိုးအနည်းဆုံး အသင်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း လိဂ် ၁ ကလပ် ဝီဂန်ကို အထင်သေးလို့မရဘဲ နည်းပြသစ်နဲ့ အထိုင်ကျဖို့ အချိန်ယူရမယ့် ဆောက်သမ်တန် အခက်တွေ့ဖွယ်ရှိပြီး အိမ်ကွင်းအားသာချက်နဲ့ တိုက်စစ်ကောင်းမွန်တဲ့ ဝီဂန် နိုင်ပွဲရသွားနိုင်ချေ ရှိနေပါတယ်။
နည်းပြ ကွန်တီအတွက် လက်စတာက နောက်ထပ်စူးတချောင်း ဖြစ်လာမလား
ပရီးမီးယားလိဂ်ကလပ်အသင်း အချင်းချင်း တွေ့ဆုံနေတဲ့ လက်စတာနဲ့ ချဲလ်ဆီးတို့ ပွဲစဉ်ကတော့ အခုအပတ် အက်ဖ်အေဖလား ပွဲစဉ်တွေထဲ အကောင်းဆုံးပွဲတပွဲ ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။
ဒီနှစ်သင်းရဲ့ ခြားနားချက်ကတော့ လက်စတာဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ရမှတ် ၄၀ နဲ့ အဆင့် ၈ မှာ ရပ်တည်နေတဲ့အတွက် လာမယ့်ရာသီ ဥရောပဝင်ခွင့်ရမယ့် အပေါ်အသင်းလည်း မဖြစ်နိုင်သလို တန်းဆင်းဖို့လည်း မရှိတော့ဘဲ ဖိအားကင်းကင်းနဲ့ ဒီပွဲကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၅၆ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရ လေးသင်းထဲ ပါဝင်နိုင်ရေး ကြိုးစားနေရတာပါ။ ဒါကြောင့်လည်း ချဲလ်ဆီး အဝေးကွင်းမှာ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်အပေါ် အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာရှိပါတယ်။
အခုနှစ် အက်ဖ်အေဖလား ဖြတ်သန်းမှုမှာတော့ လက်စတာဟာ လိဂ် ၁ ကလပ် ဖလိဝုဒ်တောင်းကို နှစ်ကျော့ကစားပြီး အနိုင်ယူ၊ လိဂ် ၁ ကလပ် ပီတာဘရော့ကို အဝေးကွင်းမှာ ငါးဂိုး တဂိုးနဲ့ အနိုင်ယူပြီး နောက်ဆုံး ပဉ္စမအဆင့်မှာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ တဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့တာပါ။ ပွဲစဉ်တလျှောက် လက်စတာတွေ့ခဲ့တဲ့ အသင်းတွေဟာ အသင်းငယ်တွေပဲ ဖြစ်တာကို တွေ့ရပါတယ်။
ချဲလ်ဆီးကလည်း တတိယအဆင့်မှာ ချန်ပီယံရှစ်ကလပ် နောဝစ်ခ်ျနဲ့ အဝေးကွင်းမှာ ဂိုးမရှိသရေကျပြီး အိမ်ကွင်းပြန်ကန်ပွဲစဉ်ကျမှ ပယ်နယ်တီအဆုံးအဖြတ် ငါးဂိုး သုံးဂိုးနဲ့နိုင်၊ စတုတ္ထအဆင့်မှာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို အိမ်ကွင်းမှာ သုံးဂိုးပြတ်အနိုင်ယူပြီး နောက်ဆုံး ပဉ္စမအဆင့်မှာတော့ ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ နိုင်ပြီး ဒီအဆင့်ကို ရောက်လာတာ ဖြစ်ပါတယ်။
အခုပွဲစဉ်အတွက် နှစ်သင်းစလုံး အဓိက ကစားသမားတွေ ဒဏ်ရာရ ပွဲပယ် ကင်းစင်နေပေမယ့် ချဲလ်ဆီးက ကြားရက်မှာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားထားရတဲ့အတွက် ပွဲပန်းမှုတော့ ရှိနေနိုင်ပြီး တချို့ ကစားသမားတွေကို အနားပေးဖွယ် ရှိနေပါတယ်။
လက်စတာကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ကစားပုံ ပြန်ကောင်းလာပြီး တိုက်စစ်ကလည်း ဂိုးရအောင် သွင်းနိုင်နေသလို ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာမို့ ပွဲပန်းပြီး ပရီးမီးယားလိဂ်ဘက် အာရုံပိုစိုက်ဖွယ် ရှိနေတဲ့ ချဲလ်ဆီးကို အခက်တွေ့အောင် ကစားနိုင်လိမ့်မယ်လို့ သုံးသပ်မိပါတယ်။
The post အသင်းကြီးများ အားကုန်ရုန်းမည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ် appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။