အယ်ကေးဒါးနှင့် ဆက်နွှယ်သော ဆီးရီးယားအဖွဲ့ခွဲဟောင်းခေါင်းဆောင်ကို အမေရိကန်က ဆုငွေဒေါ်လာ ၁၀ သန်း ထုတ်ပြန်
အယ်ကေးဒါးနှင့်ဆက်နွှယ်သော ဆီးရီးယား အဖွဲ့ခွဲဟောင်း Fateh al-Sham Front ၏ခေါင်းဆောင်အား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် သို့မဟုတ် ၎င်း၏တည်နေရာအား သိရှိရန် သတင်းအချက်အလက်များ ပေးနိုင်သူများကို ဆုငွေဒေါ်လာ ၁၀ သန်းပေးသွားမည်ဟု အမေရိကန်က ထုတ်ပြန်ခဲ့သည်။ အဘူမိုဟာမက်အယ်ဂျို လန်နီနှင့် သက်ဆိုင်သော သတင်း အချက်အလက်များအတွက် အမေရိကန်နိုင်ငံခြားရေးဌာန၏ ဆုငွေထုတ်ပြန်မှုသည် ယင်းအဖွဲ့၏ ခေါင်းဆောင်အတွက် ပထဆုံးအကြိမ် ထုတ်ပြန်မှုဖြစ်သည်။
ဂျိုလန်နီအား အထူးသတ်မှတ်သော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက အမည်စာရင်းသွင်းခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ၎င်းအား အကြမ်းဖက်သမားစာရင်း ထည့်သွင်းခဲ့သည်။
ဂျိုလန်နီသည် IS အဖွဲ့နှင့် သဘောထား ကွဲလွဲခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဧပြီတွင် အယ်ကေးဒါးအဖွဲ့ထံ သစ္စာခံကြောင်း ကတိပြုခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အယ်ကေးဒါးအဖွဲ့အား ၎င်းက ဂုဏ်ပြုထားမှုကို ရိုက်ကူးထားသည့် ဗီဒီယိုသည်လည်း ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ထွက်ပေါ်ခဲ့သည်။
Al-Nusra-Front ဟု ယခင်က သိထားသော Fateh al-Sham Front အဖွဲ့သည် ၂၀၁၆ ခုနှစ် ဇူလိုင်တွင် အယ်ကေးဒါးအဖွဲ့နှင့် လက်တွဲဖြုတ်ခဲ့ပြီး ယင်းသည် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံအစိုးရများ၏ အကြမ်းဖက် အဖွဲ့စာရင်း ထည့်သွင်းခံရမှုမှ ဖယ်ရှားခံရရန် မအောင်မြင်သော ကြိုးပမ်းမှုတစ်ခုဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ ယင်းအဖွဲ့ သည် သူပုန်အဖွဲ့အချို့နှင့်လည်း ဆက်ဆံရေး မပြေလည်ခဲ့ပေ။ သို့သော် သူပုန်အဖွဲ့ အများအပြားသည် သမ္မတ ဘာရှားအယ်အာဆတ် အစိုးရအား တိုက်ခိုက်နေသည့် ယင်းအဖွဲ့နှင့် မဟာမိတ်များဖြစ်သည်။
Fateh al-Sham အဖွဲ့သည် ဆီးရီးယား အဓိက အတိုက်အခံ High Negotiations Committe(HNC) မှ ဖယ်ထုတ်ခံခဲ့ရပြီး သူပုန်အဖွဲ့များနှင့် အစိုးရအကြား ယခင်က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခွင့်မရခဲ့ပေ။ ဂျိုလန်နီ၏ ဦးဆောင်မှုအောက်တွင် ANF အဖွဲ့သည် ဆီးရီးယားနိုင်ငံ တစ်ဝန်းတွင် အရပ်သားများအား အမြဲတမ်း ပစ်မှတ်ထားလျက် အကြမ်းဖက် တိုက်ခိုက်မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီတွင် ANF အဖွဲ့သည် ဆီးရီးယားနိုင်ငံရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ ကာ့ဒ်အရပ်သား ၃၀၀ နီးပါးအား ပြန်ပေးဆွဲခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထွက်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်တွင်လည်း ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ် ဒရူဇီရွာတွင် ဒေသခံ ၂၀ အား အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၌ တာဝန်ရှိသည်ဟု ANF က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ Eleven media
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။