
မီလက်စ်၊ ပြင်သစ်၊ ဒီဇင်ဘာ ၁၅ ။ ။ ပြင်သစ်နိုင်ငံတောင်ပိုင်းမှ ရထားလမ်းကူးတစ်ခု၌ ကြာသာပတေးနေ့က မီးရထားတစ်စင်းသည် ကျောင်းကား တစ်စီးကို ၀င်တိုက်ခဲ့သောကြောင့် ကျောင်းကားပေါ်မှ ကလေးငယ် ၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ၇ ဦးမှာ အလွန်ပြင်းထန်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။
စပိန်နိုင်ငံနယ်စပ်ရှိ ပါပစ်ဂ်နန်မြို့မှ ၁၁ မိုင်ခန့်ကွာဝေးအရပ်ရှိ မီလက်စ်ခရိုင်၌ ကလေးငယ် ၂၀ ကျော်ခန့်ကို သယ်ဆောင်လာသော အလယ်တန်းကျောင်းမှကျောင်းကားအား မီးရထားက ၀င်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“ကျောင်းကားဟာ ဆိုးဆိုးရွားရွားကို ထိခိုက်သွားပါတယ်” ဟု ပါပစ်ဂ်နန်မြို့မှ အစိုးရရှေ့နေတစ်ဦးဖြစ်သော ယန်ယက်ကွက်စ်ဖက်ဂ်နီက ပြောခဲ့ပြီး ရထားပေါ်မှ ခရီးသည် ၃ ဦးခန့်လည်း အသေးစားဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။
ဒေသတွင်းရှိ ပြင်သစ်ရေဒီယိုဌာနက အဆိုပါရထားသည် ကျောင်းကားကို အနောက်ဘက်မှ အရှိန်နှင့် ၀င်တိုက် မိခဲ့ခြင်းဖြစ်သည်ဟု သတင်းတင်ပြခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ်လေးစီးအပါအ၀င် အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၇၀ ခန့်သည် လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ရထားနှင့်ကျောင်းကား တိုက်မိရခြင်း၏ အဓိကအကြောင်းရင်းကို လောလောဆယ်တွင် မသိရှိရသေးကြောင်း နှင့် အခင်းဖြစ်ပွားရာနေရာ၌ အလွန်ကိုဆိုးရွားသောမြင်ကွင်းကို ကြုံတွေ့နေရသည်ဟု ဒေသခံနိုင်ငံရေးသမား တစ်ဦးက ပြောခဲ့သည်။
ယင်းမတော်တဆဖြစ်ရပ်နှင့်ပက်သက်၍ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က “ ဒီဆိုးရွားလှတဲ့ မတော် တဆဖြစ်ရပ်အတွင်းမှာ ပါဝင်ကြုံတွေ့ခဲ့ရတဲ့ ကလေးငယ်တွေ၊ ခရီးသည်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ နိုင်ငံတော်အနေနဲ့ အပြည့်အ၀ အကူအညီပေးသွားမှာဖြစ်ပါတယ်” ဟု တွစ်တာ၌ ရေးသားခဲ့သည်။
ဝန်ကြီးချုပ်ဖြစ်သူ အီဒွာဖိလစ်ပီကလည်း အစည်းအဝေးပွဲပြီးနောက်တွင် မတော်တဆမှုဖြစ်ပွားရာ မီလက်စ်ခရိုင် သို့ ရဟတ်ယာဉ်နှင့် လျင်မြန်စွာရောက်ရှိလာကာ အားပေးစကားပြောကြားခဲ့သည်။
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။